ညောင်တုန်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညောင်တုန်းမြို့နယ် အရွဲကျေးရွာ အုပ်စုရှိ ပန်တိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးဖြတ်သန်းသွားလာခွင့်အား ယာယီပိတ်ထားလျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်မှစတင်၍ ဂိတ်အား ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများသည် ၎င်းတို့အလုပ်လုပ် ကိုင်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ပိတ်လိုက်သောကြောင့် အလုပ်အကိုင်များ မရှိတော့သဖြင့် စားရေးသောက်ရေး၊ နေထိုင်စရာ အခက်အခဲ အခြေအနေများကြောင့် မိမိတို့နေထိုင်ရာ မြို့နယ်များသို့ ပြန်လာရာ နေရပ်ပြန်လာသူများသည် ပန်တိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာခဲ့သည်။
ထိုသို့နေရပ်ပြန်လာသူ ၄၉၀ ဦးအား ညောင်တုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့တို့နှင့် ချိတ်ဆက်၍ စနစ်တကျ နေရပ်ပြန်နိုင်ရေးအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)