ကျွန်းစုမြို့တွင် အသိပညာပေး‌ ဟောပြောပွဲ‌နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

ကျွန်းစု ဇူလိုင် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ယနေ့ နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

”အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး  ထက်မြင့်လာစေရန်၊ အားလပ်သည့်အချိန်များတွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ပြီး စာငှား၊ စာဖတ်ခြင်းဖြင့် စာပေဗဟုသုတများ တိုးပွားလာစေရန်” ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မိုးရာသီကာလတွင် ခြင်၊ ယင်ကြောင့် ဖြစ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် ရောဂါနှိမ်နင်းသည့် နည်းလမ်းများ၊ ရောဂါအန္တရာယ်လက္ခဏာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး  စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထက်မြင့်