နတ်မောက် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးရှိ ဘုရားပန်းဈေးကွက်သို့ ဒေသတွင်းစိုက်ပျိုးထားသည့် နှင်းပန်းများဝင်ရောက်နေပြီဖြစ်သည်။
နတ်မောက်မြို့မဈေးကြီးအတွင်း/ အပြင်ရှိ ဘုရားပန်းအရောင်းဆိုင်များတွင် ရာသီပန်းများ၊ သပြေငုတ်များ၊ ဂန္ဓာမာပန်းများ၊ အော်စတာပန်းများ၊ ပန်းတိမ်ငိုများ၊ ဇော်စိမ်းပန်းများ ရောင်းချ လျက်ရှိရာ ယခုအခါ နတ်မောက်မြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြသည့် နှင်းပန်းများ ဈေးကွက်သို့ ဝင်ရောက်လာပြီး ဝယ်လိုအား မြှင့်တက်နေကြောင်း သိရသည်။
နှင်းပန်းသည် အရောင်အဆင်းဖြူနုဖွေးခြင်း၊ ပန်း၏အနံ့သည် သင်းပျံ့ပျံ့မွှေးကြိုင်သဖြင့် နေအိမ်ဘုရား ကျောင်းဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆက်ကပ်လှူဒါန်းနေကြခြင်းဖြစ်သည်။ နှင်းပန်းဝယ်ယူပြီး ပြန်လည်ရောင်းချသူများသည် ကျေးရွာနှင်းပန်းစိုက်ခင်းများမှ နှင်းပန်း တစ်ခက်လျှင် ၅၀ နှုန်း ဖောက်သည်ဈေးဖြင့် ဝယ်ယူပြီး ဘုရားပန်းဝယ်ယူသူများသို့ နှင်းပန်း တစ်ခက်လျှင် ၁၀၀ နှုန်း၊ နှင်းပန်း(၅)ခက်ကို ၅၀၀နှုန်း(သို့) ၄၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ပန်းရောင်းသူ မကြူက ပြောသည်။
မူမူစန်း