ဝါးခယ်မမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဝါးခယ်မ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး (စီမံဘဏ္ဍာ) ဦးတင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဦးဇော်မင်းထွန်းနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်း များအား အသိပညာပေး ပြောကြားခြင်း၊ မိုးရာသီကာလဖြစ်သဖြင့် ကလေးသူငယ်များအား ဖျားနာခြင်းမှ ကင်းဝေးစေရန် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း အစရှိသည့် အကြောင်းအရာများအား အသိပညာပေးပြောကြားကာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများက သိလိုသည်များကို ပြန်လည်ဖြေ ကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)