ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက မြို့ပေါ်နှင့် ရပ်ကွက်​၊ ကျေးရွာများရှိ ဘုရား ကျောင်းကန်၊ စေတီများအား အပတ်စဥ် စုပေါင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပြည်သူ ပါဝင်မှုဖြင့် အပတ်စဥ်ဆောင်ရွက်သွားရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ မိုးစပါးစိုက်ပျိုးသည့် ဧကများ အောင်မြင် ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန် မြှင့်တင်ဆောင်ရွက်သွားရန်  မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုနှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

ထို့နောက် ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေးလုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အေဇာလင်း