လှိုင်းဘွဲမြို့နယ်၌ ဆင်းသုခမိုးစပါး RS-CS မျိုးစေ့ထုတ်စံပြစိုက်ခင်း(၅)ဧကကိုစုပေါင်းစိုက်ပျိုးပြသခြင်း ကွင်းပြပွဲဆောင်ရွက်

လှိုင်းဘွဲ ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်  မဲလောင်းလေးကျေးရွာ၌    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ ဦးစောလှမင်းအောင်၏ လယ်ယာမြေ ကွင်းအမှတ်-၁၅၆၄၊ ဦးပိုင်အမှတ် (၈) ရှိ  လယ်မြေ (၁၀) ဧကပေါ်တွင် ဆင်းသုခမိုးစပါး RS-CS မျိုးစေ့ထုတ် စံပြစိုက်ခင်း (၅) ဧကကို တောင်သူများနှင့်အတူ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ စုပေါင်းစိုက်ပျိုးပြသခြင်း ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ဆင်းသုခစပါးမျိုးမှာ အပင်သက်တမ်းရက်ပေါင်း (၁၄၀) ရက် ရှိပြီး၊ အပင်အမြင့် (၁၀၇) စင်တီမီတာ၊ အနှံပါ ပင်ပွား ၁၀နှံ မှ ၁၂နှံ၊ အနှံအရှည် (၂၃) စင်တီမီတာ၊ အောင်စေ့ရာခိုင်နှုန်း (၉၀ ဒဿမ ၆)၊ ဆန်ရည်ဆန်သားကြည်လင်ပြီး၊ စားသုံးမှုအဆင့် ကောင်းမွန်ခြင်း၊ အထွက်နှုန်း တစ်ဧကလျှင် စပါးတင်း (၁၀၀) မှ (၁၂၀)  အထိထွက်ရှိခြင်း၊ ထူးခြားကောင်းမွန်သည့် လက္ခဏာများအနေဖြင့် ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ခြင်း၊ စိုက်ပျိုးရန် သင့်တော်သည့် ဒေသအနေဖြင့် ဆည်ရေသောက်နှင့် မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက တောင်သူများကို ရှင်းပြပေးခဲ့သည်။

မဲလောင်းလေးကျေးရွာရှိ   ဆင်းသုခမိုးစပါး RS-CS မျိုးစေ့ထုတ်စံပြစိုက်ခင်းအတွက်  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပျိုးပေါင်စနစ်ဖြင့်   ပျိုးထောင်ထားရှိသော စပါးပျိုးပင်များကို  ကျေးရွာတောင်သူများနှင့်အတူ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက ခြောက်တန်းလျှင် တစ်တန်းလပ်စနစ်ဖြင့် ကြိုးတန်း၍ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း၊ ဆင်းသုခမိုးစပါး စံပြစိုက်ခင်း (၅) ဧကမှ ထွက်ရှိလာမည့် မျိုးစပါးများအား လာမည့်နှစ်များတွင် ဒေသအတွင်းရှိ ကျေးရွာများက စပါးစိုက်တောင်သူအချင်းချင်း မျိုးစပါး ဖြန့်ဝေပေးနိုင်စေရေးအတွက် ရည်ရွယ်၍  RS-CS မျိုးစေ့ထုတ် စံပြစိုက်ခင်းကို ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရှိရသည်။

လင်းသန့်