ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် လှည့်လည်ရောင်းချပေး

ဖျာပုံ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။

ထိုသို့ ရောင်းချပေးရာတွင်​ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာ ကျော်မြင့်၊ မြို့နယ်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ် (၇) ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် (၂၄၀)ကျပ်၊ ဝက်သား (၁)ပိဿာ လျှင် (၁၃၀၀၀)ကျပ်၊ ကန်ဇွန်းရွက်၊ ချဥ်ပေါင်ရွက်စသော ဟင်းသီး ဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ပြည်သူများသို့ သက်သာ သော စျေးနှုန်းဖြင့် တစ်ပတ်လျှင်၊ တစ်ကြိမ်၊ တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)