တောင်တွင်းကြီး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၏ (၁၄) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဇေယျဝဍ္ဎနဓမ္မဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သာယာအေး ကျောင်းတိုက်ကြီး၏ ပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တ အမှူးပြုသော ဆရာတော်ကြီးများနှင့် မြို့ ပေါ်ကျောင်းတိုက်ပေါင်း (၅၇)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ စုံညီစွာကြွရောက်ချီးမြှင့်တော်မူကြပြီး နယ်မြေခံတပ်မှူးဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများတက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သာယာအေးကျောင်းတိုက်ကြီး၏ ပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော် များအား နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်မျာထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတဆရာတော်မှ ဩဝါဒကထာ မိန့်ကြားခဲ့သည်။
ဆက်လက်၍ တိုင်းသံဃာ့ဝန်ဆောင် ကန်တော်မင်းကျောင်းတိုက်ကြီး၏ ပဓာန ဂန္ဓဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)