သရက်ချောင်း ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ခုနှစ် မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်အတွက် ဇူလိုင်လအတွက် လျာထားကျေးရွာများအား ချေးငွေများ ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါချေးငွေများ ထုတ်ချေးရာတွင် သရက်ချောင်းမြိုနယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာက တောင်သူများအား ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက် ၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့် အချိန်ကန့်သတ်ချက်၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့် အချိန်ရောက်လျင် မဆပ်သည့် တောင်သူများအား နောင်နှစ်တွင် ချေးငွေထုတ်ချေးပေးမည မဟုတ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီး ချေးငွေထုတ်ချေးရန်အတွက် လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်အတွင်း တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး ဇူလိုင် လအတွက် လျာထားကျေးရွာ (၆) ရွာမှ တောင်သူ (၃၀၁) ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲ နှုန်းဖြင့် စပါးစိုက် (၁၉၅၂) ဧကအတွက် ချေးငွေကျပ် (၂၉၂၈၀၀၀၀၀) သိန်းကို ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။
ပြည့်ဖြိုးပိုင်