ညောင်တုန်းမြို့၌ ဂက်စ်ပိုက်လိုင်းပေါက်ထွက်ရာမှ မီးလောင်ဒဏ်ရာ‌ဖြင့် သေဆုံးသူ (၄) ဦးအတွက် ထောက်ပံ့ငွေ ပေးအပ်

ညောင်တုန်း အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေးမိုင်တိုင် (၃၃/၄) နှင့် (၃၃/၅) ကြားတွင် အမှတ် (၂) ရေနံနှင့် သဘာဝဓါတ်ငွေ့ စက်ရုံညောင်တုန်းမှ ကန်ကြီးထောင့်သို့ သွယ်တန်းထားသော ဂက်စ်ပိုက်လိုင်း ပေါက်ထွက်ရာမှ မီးလောင်ဒဏ်ရာဖြင့်သေဆုံးသူ (၄) ဦးအား ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၄ နာရီက ရွာသစ်ကုန်းကျေးရွာရှိ သေဆုံးသူ (၄) ဦး၏ မိသားစုဝင်များထံ သွားရောက်၍ ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံနှင့် ကျေးရွာအုပ်ချုပ်‌ရေးမှူးတို့က မီးလောင်ဒဏ်ရာဖြင့် သေဆုံးသူ  တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ၁၂၀၀၀၀၀ ကျပ်ကို သေဆုံးသူ (၄) ဦး၏ မိသားစု လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့‌‌ကြောင်း သိရသည်။

                                                                                                                                                      ဝဠာနိုင် (ညောင်တုန်း)