စစ်ကိုင်း ဇူလိုင် ၃၁
သမဝါယနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)တွင် တက္ကသိုလ်အနုပညာအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုရေးသားနည်းသင်တန်း၊ အခြေခံပန်းအလှထိုးနည်း သင်တန်း၊ အခြေခံအကသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာ မို့မို့ရီက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများ၊ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အခြေခံအကသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်သူများက ကဗျာလွတ် အကဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုရေးသားနည်းသင်တန်း၊ အခြေခံအကသင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား၊သင်တန်းသူများအား လည်းကောင်း၊ တက္ကသိုလ်
အနုပညာအသင်းဥက္ကဋ္ဌမှ ပန်းအလှထိုးနည်းသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအားလည်းကောင်း ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူတင်စကား ပြောကြားခဲ့ပြီး အခြေခံအကသင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုရေးသားနည်း သင်တန်းကို ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁၅ ရက်နေ့ထိလည်းကောင်း၊ အခြေခံအကသင်တန်းကို ဇွန်လ ၁၅ ရက်မှဇူလိုင်လ ၂၈ ရက်နေ့ထိလည်းကောင်း၊ အခြေခံပန်းအလှထိုးနည်းသင်တန်း ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိလည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်