စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီး (၃၉)ကြိမ်မြောက် အသံမစဲ မဟာပဌာန်းသိမ်း အောင်ပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၃၁

စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် မြတ်စွာဘုရားကြီး (၃၉)ကြိမ်မြောက်၊ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ဇူလိုင်(၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၈)ညအိပ် (၉)ရက်တိုင်တိုင် ရွက်ဖတ်ပူဇော်ခဲ့ကြပြီး ယမန်နေ့က ပဌာန်းသိမ်းအောင်ပွဲအဖြစ် အဆိုပါဘုရားကြီး အရှေ့ဘက် မုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဌာန်းသိမ်းအောင်ပွဲတွင် စစ်ကိုင်းတောင်ရိုး ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘုရာကြီး အမှူးပြု၍ ပုညရှင်ဘုရားကြီး၏ ဩဝါဒါစရိယဆရာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပက အဖွဲ့များ၊ အလှူရှင်မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များက ခေမာသီဝံ ဆရာတော်ဘုရားထံမှ ရှစ်ပါးသီလခံယူဆောက် တည်ကြကာ အနု မောဒနာ တရားတော်များနာယူ ကြည်ညို၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများ၊ လူမှုရေး အသင်းအဖွဲ့များက ကြွရောက်လာကြသည့် သံဃာတော် အပါး (၁၀၀)နှင့် သီလရှင်ဆရာကြီး/ ဆရာလေး အပါး(၁၀၀)တို့အား လှူဖွယ်ပစ္စည်း များ လောင်းလှူပေးခဲ့ကြသည်။

စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင်ဆွမ်းဦးပုညရှင် မြတ်စွာဘုရားကြီးသည် ဝါတွင်းဘုရားစဉ် ပွဲတော်များ အနက် ပထဦးဆုံး ကျင်းပခွင့်ရရှိသည့် ဘုရားကြီးဖြစ်ပြီးလာမည့် ဝါဆိုလပြည့်နေ့တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး(၃၀၀)ပါးတို့ကိုလည်း ဆွမ်းဆန်တော်များ လောင်းလှူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်