မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ မီးသတ်စခန်း အဆောက်အဦသစ် တိုးချဲ့ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါနယ်မြေ မီးသတ်စခန်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက မင်္ဂလာအချိန်၌ ပန္နက်တိုင်များကို စိုက်ထူပေးခဲ့သည်။
ထို့နောက် ရှင်းလင်းဆောင်၌ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က ဒေသခံပြည်သူများအတွက် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ယခုလို နယ်မြေမီးသတ်စခန်းသစ်ကြီးကို တိုးချဲ့တည်ဆောက် ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ နယ်မြေမီးသတ်စခန်းသစ် ဆောက်လုပ်ပြီးစီးပါက တပ်ဖွဲ့အင်အား၊ မီးသတ်ယာဉ်၊ စက်ယန္တရားများကို ဖြည့်တင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နယ်မြေမီးသတ်စခန်းအနီး ပတ်ဝန်းကျင်ရှိ မြို့နယ်များနှင့် ကျေးရွာများကို လွှမ်းခြုံနိုင်သည့်အပြင် မီးသတ်စခန်း နယ်မြေဧရိယာအတွင်း သဘာဝဘေးနှင့် မီးဘေးအန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားလာပါက အမြန်ဆုံးထွက်ခွာပြီး ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်သည့်အတွက် ဒေခံပြည်သူများအား ကိုးအားထားပြုနိုင်မည့် မီးသတ်စခန်းသစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေ မီးသတ်စခန်းသစ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေ ၂၃၈ ဒဿမ ၉၀ ကျပ်သန်းဖြင့် အလျား ၄၅ ပေ၊ အနံပေ ၅၀၊ အမြင့် ၂၆ ပေ အရွယ်အစားရှိ RC (၂)ထပ် အဆောက်အဦ အမျိုးအစားကို (BILLION LANDS) ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်မှ စတင်ကာ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)