မအူပင် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေ့ဦးစွာ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းမှ စားသုံးသူများ အကာအကွယ်ပေးရေးအချက်အလက်များနှင့် ဌာန၏လုပ်ငန်းများအား ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က အားကစားနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဖတ်ခြင်းဖြင့် ရရှိလာသည့် အသိပညာဗဟုသုတများအား အကျိုးရှိစွာ အသုံးချပုံများအား ရှင်းလင်းဟောပြောဆွေးနွေးသည်။ ၎င်းနောက်ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း(မအူပင်)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းဦးဆောင်သည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)