ကော့သောင်းမြို့ ဇူလိုင် ၃၀
ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအား ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းဝေးသို့ ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းဝေးတွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအရ ဌာနဆိုင်ရာရုံးခန်းများနှင့် အစည်းအဝေးခန်းများတွင် အသုံးပြုနေသည့် တစ်ခါသုံးရေသန့်ဗူးများနေရာတွင် ရေဖန်ခွက်များ၊ ရေကရားများဖြင့် အစားထိုးအသုံးပြုခြင်းနှင့် ရေဖြည့်ခြင်းနှင့် သောက်သုံးခြင်းများအတွက် အဖွင့်အပိတ်ပါ ရေသန့်ဗူးကြီးများကို အသုံးပြုရန် ညွှန်ကြားချက်များနှင့်အညီ သန့်ရှင်း၍ စွန့်ပစ်ပစ္စည်းကင်းစင်သောရုံးများအဖြစ် ဌာနဆိုင်ရာများမှ အမြဲတစေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော့သောင်းမြို့ရှိ ရပ်ကွက်/ကျေးရွာများနှင့် ဈေးများတွင် စွန့်ပစ်ပစ္စည်းများအား အမှိုက်စိုနှင့် အမှိုက်ခြောက်စသည်ဖြင့် စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ တင်ပြပေးကြရန်နှင့် တင်ပြချက်များအပေါ် စိစစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့်သက်ဆိုင်ရာဌာနများမှ မိမိတို့၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ကြရာတွင် ဆောင်ရွက်ပြီးစီးပါကလည်း ပြန်လည်စိစစ်သုံးသပ်ပြင်ဆင်ခြင်းများဖြင့် တီထွင်ကြံဆဆောင်ရွက်ကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီအတွင်းရေးမှူး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီတို့၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ၊ ကော့သောင်းခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ Firehotspot ဖြစ်ပေါ်မှုအခြေအနေများ၊ ကြီးကြပ်မှုဆပ်ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ရန်အချက်များအား တင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်မှာကြား၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)