ငွေဆောင် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နံနက်(၇း၀၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် ငွေဆောင်ဟိုတယ်ဇုန် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့စစ်များ၊ Trash Heroအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကမ်းခြေစျေးသည်များ စုစုပေါင်းအင်အား(၁၅၀) ဦးခန့်ဖြင့်ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ချစ်သူများကျွန်းရှေ့ကမ်းခြေတစ်လျှောက်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ မိုးရာသီအတွင်းပင်လယ်ပြင်တွင် ရေဝဲများဖြစ်ပေါ်နေ၍ အန္တရာယ်ရှိပါသဖြင့် ရေဆင်းမကူးကြရန် သတိပေးသည့် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ကမ်းခြေသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်မပစ်ကြရန် သတိပေးသည့်ဆိုင်းဘုတ်များ စိုက်ထူခြင်းတို့အား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေဒေသသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ရယူ၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ဟိုတယ်၊ တည်းခိုရိပ်သာ(၃၇)လုံးရှိပြီး (၂၀၂၁)ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှုမှာ (၈၁၁၃၄)ဦး၊ (၂၀၂၂)ခုနှစ်တွင် (၂၈၆၁၂၂)ဦး၊ (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ(၂၄၆၀၉၇)ဦးအထိ ဝင်ရောက်လည်ပတ်ခဲ့ရာ ယခင်နှစ် အလားတူကာလတွင် (၁၅၀၅၂၄)ဦး တည်းခိုခဲ့ကာ(၉၅၈၄၃)ဦး ပိုမိုခဲ့ပြီးရာခိုင်နှုန်းအားဖြင့်(၆၄)% တိုးတက်ခဲ့ကြောင်း သိရသည်။ ကမ်းခြေခရီးသွားလုပ်ငန်းစဥ်ဆက်မပြတ် ဆက်လက်တိုးတက်နေစေရန်အတွက် ပင်လယ်ကမ်းရိုးတန်းသယံဇာတ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှုမဖြစ်စေရေး၊ အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရေး၊ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးတို့အား ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
R – 014( ငွေဆောင်)