ကျုံပျော်တွင် သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆီနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ကျုံပျော် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ သံဃာတော်အရှင်သူမြတ်များ အေးချမ်းစွာ သီတင်းသုံးနေထိုင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆီနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး၊ ရှေးဦးစွာ နမောဿတ(၃)ကြိမ် ရွတ်ဆိုပူဇော်ပြီး ပြည်လုံးပေါ်ဘုရားကြီး ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားများအား ဟောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က  ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ပြည်လုံပေါ်ဘုရားကြီးကျောင်းတိုက် ဆရာတော်အား အမှူးပြု၍ ရဟန်း(၁၆)ပါး၊ သာမဏေ(၅၇)ပါး တို့အား ဝါဆိုသင်္ကန်း၊ ဆီနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

အလားတူ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် စာသင်တိုက်များတွင်လည်း ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့်တကွ ဆီနှင့် ဆွမ်းဆန်တော်များ အသီးသီးသွားရောက် ဆက်ကပ်လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)