ချောင်းဦးမြို့ဝါစိုက်ခင်း၌ သဘာဝပိုးတားဆေးများ စုပေါင်းဆေးဖျန်းပြီးသရုပ်ပြ

ချောင်းဦး ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့သစ်ကျေးရွာ တောင်သူ ဦးလှမောင်၏ ၅ ဧကရှိ မိုးချည်မျှင်ရှည်ဝါစိုက်ခင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ စုပေါင်းပြီး သဘာဝပိုးတားဆေးဖျန်းခြင်း သရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ဖြစ်ထွန်းအောင်မြင်နေသော ချည်မျှင်ရှည်ဝါစိုက်ခင်းတွင် ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုယ်တိုင်ဖျော်စပ်ပြုလုပ်သုံးစွဲနိုင် သည့် သဘာဝပိုးတားဆေးအား တောင်သူများ ဖိတ်ကြားပြီး စုပေါင်းဆေးဖျန်း သရုပ်ပြသခြင်းအားဖြင့် ချည်မျှင်ရှည်ဝါ စိုက်ခင်းများတွင် ဓာတုဆေးများ လျော့ချပြီး သဘာဝပိုးတားဆေးများ အသုံးပြုလာစေရန်၊ ကုန်ကျစရိတ် သက်သာသည့် သဘာဝပိုးတားဆေးအား တောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲလာတတ်စေရန်၊ မိတ်ဆွေပိုးများ ထိခိုက်မှုမရှိစေရန်၊ သဘာဝဂေဟစနစ် ကောင်းမွန်လာစေရန်၊ ဝါသီးနှံအထွက် နှုန်းတိုးပြီး အမြတ်အစွန်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ တောင်သူ များအား ရှင်းပြဆွေးနွေးခဲ့သည်။

တောင်သူ ဦးလှမောင်မှလည်း ဆေးဖိုးကုန်ကျစရိတ် သက်သာကြောင်း၊ သဘာဝဆေး သုံးစွဲခြင်း ဖြင့် အန္တရာယ်ကင်းကြောင်း၊ ပိုးမွှားရောဂါများ ကင်းစင်ကြောင်း မိမိစိုက်ပျိုးထားသည့် အပွင့်များ စပွင့်နေသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းကို ပြသပြီး သဘာဝပိုးတားဆေးအား ဆက်လက် အသုံးပြု သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ သရုပ်ပြပွဲသို့ လာရောက်သည့် ချောင်းဦးတောင်မှ တောင်သူ ဦးမောင်ရွှေမှလည်း သဘာဝပိုး တားဆေးအား သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ချောင်းဦးမြို့နယ်တွင် စက်မှုကုန်ကြမ်း ဝါသီးနှံအား စိုက်ပျိုးလျက်ရှိပြီး နှစ်စဥ်ဧက ၈၀၀၀ခန့် စိုက်ပျိုးကြကြောင်း၊ ဝါကြီးမျိုး အများဆုံး စိုက်ပျိုးကြပြီး ယခုအခါ အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန် စိုက်ပျိုးရေးဦးစီးဌာနမှ စည်းရုံး ပညာပေးလျက်ရှိရာ တောင်သူများ စိတ်ဝင်စားလာပြီး စိုက်ပျိုးလာပြီဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)