လွိုင်ကော် ဇူလိုင် ၃၀
လွိုင်ကော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းသားသမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပညာရေးကိုအလေးထားသင်ကြားပြီး နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားထားရသည့် သားကောင်း/သမီးကောင်းများ ဖြစ်ပေါ်လာအောင် ကြိုးစားကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်သည့်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် မျှော်မှန်းပါကြောင်းစသဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ (၄၂)ဦးအား ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)