လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားလာစေရေးအတွက်  ကျေးရွာအရောက် ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဇူလိုင် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ခံများမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြှင့်မားလာစေရေးအတွက် ရည်ရွယ်၍ ကျေးရွာနေတိုင်းရင်းသားပြည်သူများ၏   နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   ဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့  မွန်းလွဲ (၁) နာရီအချိန်က သမ္ဘာန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြှင့်မားလာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျေးရွာများအရောက် တွေ့ဆုံဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း၊ ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပေးပြီး လုပ်ငန်းများကို လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းက   တရားဥပဒေစိုးမိုးရေး၊    မူးယစ်ဆေးဝါးများအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အကြောင်း ပညာပေးဆွေးနွေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက ကျေးရွာများအတွင်း လုပ်သားအင်အား  ရှားပါးလာသဖြင့် လယ်ယာလုပ်ငန်းတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ထားရှိမှု အပေါ်တွင်  ကျေးရွာတစ်ရွာလျှင် လူငယ် (၅) ဦးနှုန်းဖြင့် စပါးစိုက်ပျိုးစက် ထိန်းသိမ်းမောင်းနှင်နည်းသင်တန်းကို တက်ရောက်ကြရမည်ဖြစ်ကြောင်း၊ မိမိလယ်ယာများတွင် သီးနှံတစ်မျိုးတည်းကိုသာ မစိုက်ပျိုးပဲ စိုက်ပျိုးရေးနည်းပညာများဖြင့် သီးထပ်သီးနှံများကို စိုက်ပျိုးကြရန် အသိပညာပေးဆွေးနွေးခြင်း၊ ဌာနဆိုင်ရာတာဝန်ခံများက မိမိတို့၏ဌာနမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းကိစ္စရပ်များကို  ပြောဆိုရှင်းပြပေးခဲ့သည်။

ထို့နောက်  ကျေးရွာနေပြည်သူများက မိမိကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကာ တင်ပြဆွေးနွေးမှုအပေါ် သက်ဆိုင်သည့်ဌာနများက  ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် လျာထားချက်တွင် ပါဝင်သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက်   ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းရေးဆွဲပေးသွားကြရမည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ပြီး ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)