ပေါက်ခေါင်း ဇူလိုင် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ခေါင်းမြို့နယ် ငါးခူအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်းဖွင့်လှစ်ခဲ့ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။ ယခုဖွင့်လှစ်ပေးသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ဆပ်ပြာခရင်(မ်) ထုတ်လုပ်နည်းများကို သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်တန်းသားသင်တန်းသူ (၁၅)ဦးတို့အား စာတွေ့လက်တွေ့ ၁၀ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)