ကျုံပျော် ဇူလိုင် ၃၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ Gasifier အသုံးပြု ဆန်စက် လည်ပတ်နေမှုများနှင့် ရေဆိုးစွန့်ပစ်ကန်ဆောင်ရွက်ထားမှု အခြေအနေများအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းနှင့် ကျုံပျော်ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန တာဝန်ရှိသူများက ကျုံပျော်မြို့နယ်အတွင်း Gasifier ဖြင့် အသုံးပြုလည်ပတ်လျက်ရှိသည့် ရှားခဲကျေးရွာအုပ်စုရှိ ချမ်းမြေ့လင်း ဆန်စက်၊ ကျောင်းစုကျေးရွာအုပ်စုရှိ စိုးရွှေနှင်းဆန်စက်၊ ကျွဲခြံဒေါင့် ကျေးရွာအုပ်စု ဝင်းမေတ္တာဆန်စက်တို့အား လိုက်လံပြသပြီး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြကြသည်။
ထိုသို့တင်ပြရာတွင် ဒုတိယဝန်ကြီးက Gasifier အသုံးပြုလည်ပတ်မှုနှင့် ရေဆိုးစွန့်ပစ်ကန် ဆောင်ရွက်ထား ရှိမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး စွမ်းအင်ရင်းမြစ်များကို အကျိုးရှိစွာ အသုံးပြုရန်၊ ကျန်မာရေး ဆိုကျိုးများ မဖြစ်ပေါ်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)