မင်းဘူးမြို့ ဆုတောင်းပြည့်နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

မင်းဘူး ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ နေပြည်တော် နဂါးရုံတစ်ထောင် စမတောင်ဆရာတော် ဒေါက်တာဦးဝံသသီရိ အရှင်သူမြတ်ကြီးမှူး၍ (၇)ရက်သားသမီး အများကောင်းမှုဖြင့် စုပေါင်းတည်ထားကိုးကွယ်သော မင်းဘူးမြို့ ဆုတောင်းပြည့် နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာတင်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ ရိပ်သာဝန်းအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ နဂါးရုံတစ်ထောင် စမတောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာဦးဝံသသီရိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရားတော်များ နာယူကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့် နဂါးရုံဘုရား ဌာပနာတော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။

ထို့နောက် နဂါရုံးဘုရားတည်ထားကိုးကွယ်ရန် မတည်အလှူရှင်များဖြစ်သော မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၏ဇနီး ဒေါ်ဝင်းဝင်းမြင့် မိသားစုနှင့် အလှူရှင်များအားလုံးကို မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး နဂါရုံးဘုရားအတွက် (၇)ရက်သားသမီး အလှူရှင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေမှာ ငွေကျပ် (၂၃၁)သိန်းကျော်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး နေပြည်တော် နဂါးရုံတစ်ထောင် စမတောင်ဆရာတော် ဒေါက်တာဦးဝံသသီရိ အရှင်သူမြတ် ဦးဆောင်ပြီး ဖိတ်ကြားထားသူများက နဂါးရုံဘုရား ဌာပနာတော်ပစ္စည်းများ ပင့်ဆောင်၍ နဂါးရုံဘုရားအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကာ ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာတင် လှူပူဇော်ခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီးနောက် စမတောင်ဆရာတော်နှင့် တာဝန်ရှိသူများက နဂါးရုံဘုရား တည်ထားကိုးကွယ်ခြင်းအထိမ်းအမှတ် ကဗျည်းမော်ကွန်းအား အမွေးနံ့သာရေများပက်ဖျန်း၍ နဂါးရုံဘုရားဝင်းအတွင်း မဟာဗောဓိညောင်ပင်အား စိုက်ပျိုးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်းရှိ ဆုတောင်းပြည့်ဘုရားကြီး၏ ဉာဏ်တော်မှာ ၁၅ ပေ ၃ လက်မ၊ လုံးပတ် ၁၅ ပေနှင့် ဘုရားပရဝုဏ် အကျယ်ပေ(၄၀) ပတ်လည်ရှိပြီး နဂါးရုံဘုရားတည်ထားကိုးကွယ်ရန် အကြိုပနက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့နှင့် ရတနာအုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနားကို မေလ ၂၉ ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ပြီးနောက်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ဌာပနာတော်သွင်း မင်္ဂလာနှင့် ဘုရားအနေကဇာ တင်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မင်းဘူးမြို့ ဆုတောင်းပြည့် နဂါးရုံဘုရားကြီးကို နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ နဂါးရုံတစ်ထောင် စမတောင်ဆရာတော် ဒေါက်တာဦးဝံသသီရိ အရှင်သူမြတ်ကြီးမှူး၍ (၇)ရက်သားသမီး အများ ကောင်းမှုဖြင့် စုပေါင်းတည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)