ပဲခူး ဇူလိုင် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးထွန်းနိုင်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာ ကုန်ထုတ်တံတား (အရှည်၈၀ပေ×အကျယ်၁၄ပေ×အမြင့်၁၂ပေ) တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်မှ ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က တံတားတည်ဆောင်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးစေရန်နှင့် ရွာတွင်းလမ်းများကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ သမစံပြကျေးရွာရှိ ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်သို့ သွားရောက်ခဲ့ပြီး မိုးစပါး(၄၄၉)ဧကစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ကျေးရွာလိုအပ်ချက်များကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ရာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ သမန်းကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်း (အရှည် ၀/၅မိုင်× အကျယ်၁၄ပေ) ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)