လှိုင်းဘွဲမြို့(ခ)ရပ်ကွက် မြေနိမ့်ပိုင်းရှိ ကျောက်စိမ်းအုပ်စုအတွင်း ရေဝင်ရောက်လာမှုကြောင့် အိမ်ထောင်စု(၆)စု ယာယီပြောင်းရွှေ့

လှိုင်းဘွဲ      ဇူလိုင် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျချောင်းရေများ စီးဆင်းလာမှုတို့ကြောင့် လှိုင်းဘွဲမြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်လာမှုများဖြစ်၍ ယမန်နေ့ည(၉)နာရီအချိန်က အိမ်ထောင်စု(၆)စု ယာယီပြောင်းရွှေ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းအုပ်စုအတွင်းရှိ အိမ်ထောင်စု(၆)စု၊ ကျား(၁၅)ဦး၊ မ(၁၆)ဦး စုစုပေါင်း(၃၁)ဦးအား အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြောင်းရွှေ့ထားပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲ)နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)