မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတွင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး

မကွေး ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် မြိုင်ညိုညိုကျောင်းတိုက်၊ မဟာဝိသုတာရာမကျောင်းတိုက်နှင့် အောင်မြေရတနာကျောင်းတိုက်တို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့ပေါ်ရှိ မြိုင်ညိုညိုကျောင်းတိုက်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကလည်းကောင်း၊ မဟာဝိသုတာရာမကျောင်းတိုက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကလည်းကောင်း၊ အောင်မြေရတနာကျောင်းတိုက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကလည်းကောင်း ဘုန်းတော်ကြီးကျောင်းဝန်းများအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေးများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ပန်းခြံတွေမှာ သန့်ရှင်းသာလှပမှုရှိစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်နေသလို ဘုန်းတော်ကြီးကျောင်းများမှာလည်း ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေး အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ စုပေါင်းသန့်ရှင်ရေး လာရောက်ဆောင်ရွက်သူများအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မြို့ရွာသန့်ရှင်းသန့်ရှင်းသာယာလှပစေရေး ဘုရားစေတီပုထိုးများ၊ ရုံးဌာနအဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့တိုင်း)တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ