ဘားအံ ဇူလိုင် ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစား ကွင်းရှေ့၌ ပြည်နယ်ရန်ပုံငွေကျပ် ၉၂၀ ဒဿမ ၈၅၀ သန်းဖြင့် ဇော်သကကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော (၁၂၀ ပေ x ၄၀ ပေ) RC အဆောက်အဦအမျိုးအစား လေးခန်းတွဲ ငါးထပ် အားကစားသမားတည်းခိုဆောင် ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီတို့မှ တာဝန်ရှိသူများက အဆောက်အဦ၏ ၃၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိုးများသည့်ဒေသဖြစ်သည့်အတွက် ရေထုတ်ပြွန်၊ ရေထုတ်မြောင်းများ စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန် မှာကြား၍ တည်ဆောက်ရေး လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇွဲကပင်အားကစားကွင်းရှေ့၌ ပြည်နယ်ရန်ပုံငွေကျပ် ၉၀ ဒဿမ ၈၈၈ သန့်ဖြင့် စိန်စတားမင်း ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၄၀၀ပေ x ၄၀၀ပေ) အုတ်တံတိုင်းကာရန် ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးမှု၊ အမှတ်(၂) လှာကမြင် စုပေါင်း ဝန်ထမ်းအိမ်ရာစခန်းတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၂၉ ဒဿမ ၂၇၀ သန်း ဖြင့် Maw Pha Maw Kun Co.,Ltd မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော လေးခန်းတွဲ(၅)ထပ် RC ဝန်ထမ်းအိမ်ရာ တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၂၉ ဒဿမ ၂၇၀ သန်းဖြင့် New Sate Tine Kya Co.,Ltd မှ တာဝန်ယူတည်ဆောက်လျက်ရှိသော လေးခန်းတွဲ (၅)ထပ် RC ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာ ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးပေါ်ရှိ တံတား အမှတ်(၁/၄) မဲဘောင်သံကူကွန်ကရစ် တံတားအရှည် ၆၀ ပေအား တံတားအထူးအဖွဲ့ ၁၄ မှ မူလ တံတားအကျယ်၏ တစ်ဖက်လျှင် ၁၂ ဒဿမ ၇၃ ပေစီ တိုးချဲ့တည်ဆောက်ခြင်း၊ ကမ်းကပ်ခုံနှင့် ချည်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက တံတားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံနှုန်း များနှင့် အညီ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး ပြည်နယ်ဖူဆယ် အားကစားခန်းမဘေး၌ ပြည်နယ်ရန်ပုံငွေကျပ် ၄၇၀ သန်းဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော Gym ခန်းမနှင့်တင်းနစ် အားကစားခန်းမ (၆၀ပေ x ၈၀ပေ) RC နှစ်ထပ် တည်ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် ဘားအံ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအနီး စိန်ပန်းနီလမ်းနှင့် စိန်ပန်းပြာလမ်း ထောင့်၌ ခန့်မှန်းစီမံကိန်း တန်ဖိုးကျပ် ၂၇၈၀ သန်းဖြင့် အဆောက်အဦအထူးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက် လျက်ရှိသော (၁၅၀ပေ x ၄၈ပေ) RC (၆)ထပ် ကရင်ပြည်နယ်ဧည့်ရိပ်သာ တည်ဆောက်ရေးလုပ်ငန်းခွင် တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)