လွိုင်ကော် ဇူလိုင် ၃၀
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါဆိုလအတွင်း သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေးနှင့် ပြည်သူများ စိတ်ကြည်လင်အေးချမ်းစွာ လာရောက်ကုသိုလ်ပြုနိုင်ရေး တို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေတောင်ကျောင်းတိုက် ဆရာတော်နှင့် မင်းကျောင်းစာသင်တိုက် ဆရာတော်တို့ထံ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ကျောင်းအတွင်း ဆွမ်း၊ ကွမ်းပြည့်စုံစေရေးအတွက် လှူဖွယ်ဝတ္ထုငွေများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရွှေတောင်ပရိယတ္တိ စာသင်တိုက် နှင့် မင်းကျောင်းစာသင်တိုက်တို့၌ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ခြင်အန္တရာယ်များ ကင်းဝေးစေရေးအတွက် သစ်ပင်ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ရေနှုတ်မြောင်းများ ဆယ်ယူခြင်းနှင့် အမှိုက်များ သယ်ယူ နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပုထိုးများတွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူ များက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)