ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော် ကြီးတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဟားခါး ဇူလိုင် ၃၀

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ စစ်ဗျူဟာ (အခြေချဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဟားခါး၊ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့၊ ကျောဘုတ်သာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဒဇ) အရှင်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖက် သရဇ္စျာယ်ချီးမြှင့်တော်မူကြသည်။

ထို့နောက် ပင့်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများဖြစ်ကြသည့်  ဟားခါး၊ ဇေတဝန် တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရအရှင်သူမြတ်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးက လည်းကောင်း၊ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ၊ ကျောဘုတ်သာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တ ပညောဘာသ အရှင်သူမြတ်အား ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်က လည်းကောင်း၊ ထန်တလန်မြို့နယ်၊ လုံလဲရ်သာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ အရှင်မြတ်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ ကျန်သံဃာတော် ၆ ပါးနှင့် သီလရှင်ဆရာကြီး ၂ ပါးတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဟားခါး၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တတေဇော သာရ (ဓမ္မကထိကဋ္ဌဗဟုဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ ) အရှင်မြတ်ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းပြီး ရတနာရွှေမိုး ငွေမိုးရွာသွန်း ဖြိုးကာ ပင့်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)