နိုင်ငံတော်ကာကွယ်ရေး တာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်

ချောင်းသာ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ အပန်းဖြေခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်ဇုန်အဖွဲ့များနှင့်အတူ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ချောင်းသာကမ်းခြေသန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာကမ်းခြေတစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ၊ ဒီရေမြင့်တက်ရာမှ တင်ကျန်ရစ်သည့် အမှိုက်များ၊ ပလတ်စတစ်များနှင့် ချုံနွယ်များအား ကောက်ယူခြင်း၊ ထွန်ဂျက်၊ ပေါက်တူး၊ ပေါက်ပြားများနှင့် တူးဆွဖယ်ထုတ်ခြင်းတို့ပြုလုပ်ကာ မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဥ်ဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

အဆိုပါ တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့သို့ အနားယူအပန်းဖြေခရီးစဥ်ရောက်ရှိစဥ်ကာလအတွင်း ချောင်းသာကမ်းခြေရှိ ကျောက်ပုထိုးစေတီ တော်မြတ်အားဖူးမြော်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ သဲသောင်ပြင် အားကစားများပြုလုပ်ခြင်း၊ ဒေသထွက်ကုန်များလေ့လာခြင်း၊ ချောင်းသာကမ်းခြေတွင် အပမ်းဖြေအနားယူခြင်းတို့အပြင် ဒေါနတောင်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းလှူဒါန်းခြင်းတို့နှင့် ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)