လက်ပံတန်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ် ပုံစံအတိုင်း အောက်တိုဘာလ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထား ကြေညာထားရှိပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံ မှန်ကန် စေရန်နှင့် မဲဆန္ဒရှင်များမှ လို အပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှု များ ဆောင်ရွက်ရန်အတွက် ကပ်ထား ပေးရာမဲဆန္ဒရှင်များမှ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြရာ ယမန်နေ့ကအထိ ကြည့်ရှုသူ (၁၀၀၉၇)ဦးရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု (၅၃) အုပ်စု၌ မဲရုံပေါင်း (၁၇၆) ရုံဖွင့်လှစ် သွားမည် ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ (၁၃၃၆၉၄)ဦးရှိပြီး မဲစာရင်းများ စနစ်တကျကပ်ထား ကြေညာ ထားမှုနှင့် ပြည့်စုံမှန်ကန် စေရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ် ဆောင်ရွက် လျက် ရှိသည်။
လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်း ကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ် လာရောက် ကြည့်ရှုသူ (၁၀၀၉၇)ဦး ရှိကြောင်းနှင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုသူ (၇၇၉)ဦး၊ ပုံစံ (၄)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်း သော ကန့်ကွက် လွှာ (၁၉၇)ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ် လျဉ်းသော ပြင်ဆင်လွှာ (၂၈၅)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး