ကျုံပျော် ဇူလိုင် ၂၉
မိုးကာလ ခြင်ပေါက်ပွားမှုများသော ရာသီဖြစ်သည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယနေ့နံနက်က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျုံပျော်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပူးပေါင်းပါဝင်၍ အောင်ဆန်း၊ တေဇ၊ ပင်လုံနှင့် မြဝတီရပ်ကွက်များရှိ နေအိမ်များသို့ လိုက်လံကာ ပိုးလောက်လန်း ပေါက်ပွားမှု ရှိမရှိ လိုက်လံစစ်ဆေးပြီး၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင်ရွက်ကာ၊ အဘိတ်ဆေးခပ်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များ အတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်၊ အပတ်စဉ် ရေအိုးရေကန်များ အတွင်းရေလဲလှယ်၍ ခြင်ပေါက်ပွားမှု ကြိုတင်ကာကွယ်ရန် တို့ကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက အသိပညာပေးလုပ်ငန်းများ အပတ်စဉ် လိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် အသက်အန္တရာယ်တို့မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)