ပိုင်ကျုံ ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေး ရောင်( ငါးမျိုးစပ်ကာကွယ်ဆေး )၊ ပြင်းထန်အဆုတ် ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက် ကျွေးပေးခဲ့သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောင့်မှုများနှင့် မှေးခိုင်ကာကွယ် ဆေးကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း၊ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ကို သြဂုတ်လတွင် ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)