ပုသိမ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်မြစ်ချောင်းများပေါများသောကြောင့် ဘေးအန္တရာယ်များဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကပြုလုပ်သည့် စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေး သင်တန်းဆင်း သရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်ရေကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်း သရုပ်ပြပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သမိုင်းအထောက်အထားများအရအထင်အရှားတွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့် မီးသတ်တပ်ဖွဲကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ဖြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ချောင်း၊ အင်း၊ အိုင်များ ပေါများပြီး ပင်လယ်နှင့် ထိစပ်လျက်ရှိသည့်အတွက် နှစ်စဉ် ရေဘေးအန္တရာယ် အပါအဝင် မုန်တိုင်းဘေးအန္တရာယ် တို့ကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဘေးန္တရာယ်များဖြစ်ပွားလာပါက တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိုခါမုန်တိုင်းဝင်ရောက်ခဲ့သည့် ကာလအတွင်း တိုင်းဒေသကြီးတွင် ကြိုတင်ပြင် ဆင်မှုများ၊ စနစ်တကျရွှေ့ပြောင်းမှုများ၊ ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ဧရာဝတီတိုင်း ဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲ မီးသတ်တပ်ဖွဲ့ဝင်(၁၁၆)ဦးအား (၁၆.၅.၂၀၂၃) ရက်နေ့မှ ယနေ့အချိန်ထိ သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် အန္တရာယ်များ မကျရောက်မီကပင် ကြိုတင် လေ့ကျင့်ရေးလုပ်ငန်းများဆောင်ရွက်ထားရပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည့်အခါ ထိခိုက်မှုအန္တရာယ်နဲ့ အသက်ဘေးအန္တရာယ်မကြုံတွေ့စေရန်ကျွမ်းကျင်မှု ကြံ့ခိုင်မှုများကို အပြည့်အဝအသုံးချပြီး အောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ ဝင်တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်ကိုမြှင့်တင်နေခြင်းဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများအား အချိန်အခါအလှောက် စဥ်ဆက်မ ပြတ် လေ့ကျင့်သွားကြရန်”အမှာစကားပြောကြားသည်။
ဆက်လက်၍ သရုပ်ပြအဖွဲ့မှ စွမ်းရည်များ သရုပ်ပြသခွင့် တောင်းခံပြီး ကမ်းစပ်တွင် ဆက်သုံး ဆီအတင်၊ အချပြုလုပ်နေသည့် စက်လှေမီးလောင်မှုဖြစ်စဉ်တွင် Fire Boat ၊ Assault Boat ၊ Fiber Boatများ အသုံးပြု၍ ငြိမ်းသတ်ရေး ဆောင်ရွက်မှုသရုပ်ပြသခြင်း၊ Fire Boat ၊Assault Boat ၊ Fiber Boat များဖြင့် ရင်ဘောင်တန်းတန်း စီတန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်း၊ ရှေ့/နောက် စီတန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်းနှင့် လေးကိုင်းပုံသဏ္ဌာန် စီတန်းသရုပ်ပြသ ခဲ့ပြီး စက်လှေများဖြင့် မြှားဦးပုံသဏ္ဌာန် ဖြင့် စီတန်း၍ အလေးပြုတန်းဖြုတ်ထွက်ထွက်ခွာ ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲပြီး ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်း သုံး ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ကန်သုံးဆင့်ရေကန်အတွင်းရှိ ဘေးမဲ့ငါးများအား ငါးစာများကျွေးမွေးခဲ့သည်။
စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းအား ယခုလ ၁၇ ရက်နေ့မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်ကြာဖွင့်လှစ်ခဲ့ကာ အရာရှိနှင့် အခြားအဆင့် သင်တန်းသား (၅၀)ဦးအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြောင်းမြ မြို့နယ်၊ မွေတော်ရှမ်းစုကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာရှိ တောင်သူ ဦးတင်ဖေ၏ လယ်မြေ(၄၇)ဧက၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈) စက်မှု လယ်ယာစခန်း(မြောင်းမြ)တို့ ပူးပေါင်းပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် နယူးဧရာ-၁၊ ချမ်းမြေ့မေ၊ GW-11၊ De You-8၊ ဆာဖိုးသာ စပါးမျိုးများအား ခြောက်တန်းသွား ကောက်စိုက်စက် ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် RS to CS ပေါ်ဆန်းစပါး မျိုးစေ့ထုတ်စိုက်ခင်း အား လူအားဖြင့် ၆ တန်း ၁ တန်းလှပ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအားလည်းကောင်း၊ မြောင်းမြမြို့နယ်၊ သပြေချောင်း ကျေးရွာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ချမ်းမြေ့ဇေယျာစိုက်ပျိုးရေးကုမ္ပဏီနှင့်ပူးပေါင်းပြီး ဧက(၅၀၀)အဆင့်မြင့် လယ်ယာမြေစိုက်ခင်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး တောင်သူအထူးပညာပေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "သီးထပ် စွမ်းအားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးရန်၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများ အချိုးကျသုံးစွဲကြရန်နှင့် တစ်ဧကအတွက်နှုန်းတိုးတက်ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်" မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊နောက်မီးကျေးရွာအုပ်စု၊ အလံတိုင်ကျေးရွာရှိ ဦးဖြိုးဝေကျော်၏ သဘာဝအတိုင်းမွေးမြူသည့် ရေငန် ငါး၊ ပုစွန် မွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဖမ်းယူရရှိမှု အခြေအနေများ၊ ဈေးကွက်အတွင်း တင်ပို့ရောင်း ချမှုအခြေအနေများ၊ နှစ်အလိုက်အမြတ် အစွန်းရရှိမှုများကို မေးမြန်းခဲ့ရာ ဦးဖြိုးဝေကျော်က သိရှိသည်များကို ရှင်းလင်းဖြေကြားခဲ့ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလံတိုင်ကျေးရွာရှိ ဦးသိန်းလှိုင်၏ ငါး၊ ပုစွန်ရောင်းဝယ်ရေးဒိုင်သို့ရောက်ရှိ၍ ငါး၊ ပုစွန်ကောက်ယူရရှိမှုအခြေအနေများ၊ စျေးကွက်သို့တင်ပို့ ရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကြက်ဖမွေး ဇောင်းကျွန်းပတ်တာအတွင်းရှိ ဝါးချောင်းရေတံခါးသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက ဧရာအားမာန်သမဝါယမစိုက်ကွင်းသို့ ရေချိုရရှိရေးဆောင်ရွက်မည့်အစီအစဉ်များ၊ သပြေကန် သိမ်ကုန်းဧရိယာနှင့် ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်ရေချိုပေးဝေနိုင်မည့် အခြေအနေများ၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကြက်ဖ မွေးဇောင်းကျွန်းပတ်တာ နွေစပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်မည့်လုပ်ငန်း များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားပြီး ဒေသခံတောင်သူများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)