ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် လူထုဟောပြောနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

ဘားအံ  ဇူလိုင်  ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် ဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ နည်းစနစ်တကျဟောပြောနိုင်ရေးအတွက်  လူထုဟောပြောနည်းသင်တန်းကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ၂၆-၇-၂၀၂၃ ရက်နေ့မှ ၂၈-၇-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက လူထုဟောပြော နည်းအား လက်တွေ့ဆောင်ရွက်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ဒုတိယဦးစီးမှူး၊ ရုပ်သံကျွမ်းကျင်-၃၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးအဆင့် ဝန်ထမ်း(၂၁)ဦးက လူထုဟောပြောနည်းကို သတ်မှတ်ထားသည့် ခေါင်းစဉ်အလိုက် ယှဉ်ပြိင်ကြရာပထမဆုကို ရှမ်းရွာသစ်မြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးမှ လည်းကောင်း၊ ဒုတိယဆုကို လိပ်သိုမြို့ရုံးမှ ဒုတိယဦးစီးမှူးဒေါ် နွယ်နွယ်ခိုင်မှ လည်းကောင်း၊ တတိယဆုကို ဘားအံခရိုင်ရုံးမှ အငယ်တန်းစားရေး ဒေါ်နော်ဖူးအိအိအောင်မှ လည်းကောင်း အသီးသီးဆုများရရှိခဲ့ရာ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါလူထုဟောပြောနည်းသင်တန်းတွင် စင်ကြောက်စိတ်ပယ်ဖျောက်နည်း၊ လေသံဟန်ပန်နှင့် ဌာနကရိုဏ်းကျနမှု၊ ဟန်ပန်အမူအရာ၊ စကားပြောနည်းများ၊ စကားပြောသူ၏ကျင့်ဝတ်များ၊ စကားပြောရန် ပြင်ဆင်မှုများနှင့် စကားနှင့်ဆိုင်ရာမှတ်ဖွယ်များကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဘားအံခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့ရုံးများမှ သင်တန်း သား/သင်တန်းသူ (၂၁)ဦး တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)