ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၆၀၀၀ ဧကကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၆၀၀၀ ဧကကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရန် ၇၆၈၀၄ ဧကလျာထားပါတယ်။ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်ပါတယ်။ စပါးနဲ့ အခြားသီးနှံတွေလည်း လျာထားချက်ပြည့်မီရန် တောင်သူတွေ ဆက်လက်စိုက်ပျိုးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

အဆိုပါ မိုးသီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်ရရှိရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ်လိုက်နာကျင့်သုံးရေး၊ မြေဩဇာ အချိန်ကိုက် အချိုးကျစနစ်တကျသုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀‌၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လက်ရှိအချိန်အထီ စပါး ၂၄၀၅၅ ဧက၊ ပဲမျိုးစုံ ၁၆၉၄၂ ဧက၊ ဆီထွက်သီးနှံ ၇၂၈၆ ဧက၊ ကြံ ၅၁ ဧက၊ ဝါ ၄ ဧက၊ အခြားသီးနှံ ၁၆၆၅၇ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စုစုပေါင်း ၆၆၅၅၄ ဧက (၈၆ ဒသမ ၆၉) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ