ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကလေး ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ဆရာတော်သံဃာတော်များအားပင့်ဖိတ်၍ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကလေးမြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားကို ကြွရောက်လာသော ဆရာတော်သံဃာတော်များမှ နမောတဿ (၃) ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်၊ ချမ်းမြေ့ အောင်စည်ဆရာတော် ဘဒန္တဥတ္တရသာရ အရှင်သူမြတ်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ ကြသည်။ ထို့နောက် ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် ဆွမ်းဘောဇဉ်တို့ကို ကပ်လှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍  အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ တောင်ဖီလာတောရဆရာတော် ဘဒန္တရာဇိန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတန်းပေးဝေကြပြီး ဗုဒ္ဓသာသနံစီရံ တိဋ္ဌတု (၃)ကြိမ် ရွက်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်ဇင်ထွန်း၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ကလေးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ ဆရာတော်သံဃာတော် (၁၈)ပါးနှင့် စုစုပေါင်းလူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)