ဟင်္သာတ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သတခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊အရေး၊ အတီး ပြိုင်ပွဲခရိုင်အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာ တ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ယခုကျင်းပပြုလုပ်မည့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်မြို့နယ်များ အားလုံးစုံလင်အောင် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အရေးပြိုင်ပွဲတွင်ယခင်နှစ်ထက် ပါဝင်ယှဉ်ပြိုင်နိုင်ကြရန် အဆင့်မြင့်ပညာကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်ရမည့် ဘာသာရပ်အမျိုးအစားများအလိုက် CDခွေများအားလည်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များထံ ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ဆိုကရေးတီးပြိုင်ပွဲဖြစ်မြောက်နိုင်ရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အင်အား များများရရှိနိုင်ရေး သက်ဆိုင်ရာ ကော်မတီများအလိုက်ပူးပေါင်း ချိတ်ဆက်ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည်များ ဆွေးနွေးပြောကြား ခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဟင်္သာတခရိုင် သဘင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲကျင်းပနိုင်ရေး ပြိုင်ပွဲဝင်များ စုဆောင်းထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲ ကျင်းပမည့်နေရာ ပြင်ဆင်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်လမ်းညွှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)