ကံမ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ဥပဒေရေးရာအဖြာဖြာ၊ ယဉ်ကျေးလိမ္မာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဝင်းဇော်က မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာများအား အသိပညာပေးဟောပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ဇလတ်က လူငယ်လူရွယ်များ သိရှိသင့်သည့် ဥပဒေပိုင်းဆိုင်ရာများကို အသိပညာပေးပြောကြားပြီး မြို့နယ် ပညာရေးမှူး ဦးကိုကိုမောင်က ယဉ်ကျေးလိမ္မာခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားခဲ့ ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)