တောင်တွင်းကြီး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ် ရောင်းဝယ်သူများ၏ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်မှ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုးသင့် စားသောက်ကုန်များကို တောင်တွင်း-မကွေးကားလမ်းဘေးရှိ ရခိုင်ဘုရားကြီးအနီးတွင် ယနေ့နံနက်ပိုင်းက သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြည် ၂၅၀၀ ကျပ်၊ ဆီ (၅၀)သား ၂၂၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၂၀၀ ကျပ်၊ ကြက်သွန်နီ ၅၀ ကျပ်သား ၈၀၀ ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ် ၁၅၀ ကျပ်တို့ဖြင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များမျိုးကို ရပ်ကွက်/ ကျေးရွာများမှပြည်သူများ လွတ်လပ်စွာဖြင့် ဝယ်ယူလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ပြီး အပတ်စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)