မြိတ် ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း(၂)စီမံချက်ဖြင့် ကန်ဖျားရပ်ကွက် ဘုရားငါးဆူကျောင်းဓမ္မာရုံတွင် ဇူလိုင်(၂၈)ရက်က ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နေ့ချင်းပြီး ဆောငရွက်ပြီးစီးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
“အသက်ပြည့်မီတဲ့ နိုင်ငံသားပြည်သူတိုင်းကို ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အမျိုးအစား(၃)ခုနဲ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိုင်းဒေသကြီး ဦးစီးမှူးရဲ့ လမ်းညွှန်ချက်အရ ကွင်းဆင်းတဲ့နေရာမှာ အိမ်ထောင်စု Server ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့ အိမ်ထောင်စုစစ်ဆေးခြင်း၊ (နိုင်)နံပါတ်ဖြည့်သွင်းခြင်း၊ သေဆုံးပယ်ဖျက်ခြင်း၊ မွေး/တိုး ဆောင်ရွက်ပေးခြင်းတို့ကို တခါတည်းဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူး ဦးဝင်းဆွေက ပြောသည်။
ပြည်သူများအား ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင် ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဦးစီးမှူး ဦးသန့်ဇင်၊ မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး နေ့ချင်းပြီး ဆောင်ရွက်ပြီးစီးသည့် ပြည်သူများအား တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပေးအပ်ခဲ့ကြသည်။
“အသက်(၁၀)နှစ်အထက်၊ (၁၈)နှစ်အထက်၊ (၁၀)နှစ်မှ(၁၈)နှစ်ပြည့်လဲလှယ်၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ပျက်မိတ္တူတွေကို ကွင်းမှာတပါတည်း နံပါတ်တွေစစ်ဆေးပြီး ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မိမိတို့နေထိုင်ရာဒေသမှာ လာရောက်ဆောင်ရွက်ပေးတဲ့အတွက် သွားလာရေး လွယ်ကူအဆင်ပြေတယ်။ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ကအစ တစ်နေရာတည်းမှာ ဆောင်ရွက်နိုင်တဲ့အတွက် ဌာနမှရပ်ကွက်တိုင်းကိုကွင်းဆင်းဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် လာရောက်ဆောင်ရွက်ကြပါလို့ ဖိတ်ကြားအပ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးက ဖြည့်စွက် ပြောကြားသည်။
ပန်းခင်း(၂)စီမံချက်ဖြင့် မြိတ်မြို့နယ်၌ ဩဂုတ်လ(၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိဆောင်ရွက်ပြီးစီးမှုအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း မရှိသူ(၇၂၂၂)ဦအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လုပ်ငန်းလျာထားချက် ရာခိုင်နှုန်းအနေဖြင့် (၁၂၁.၅၆)ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခိုင်ထူ(ပြန်/ဆက် )