ပခုက္ကူတ္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံစစ်တုရင်အားကစားပြိုင်ပွဲကျင်းပ

ပခုက္ကူ ဇူလိုင်၂၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ် ပေါင်းစုံစစ်တုရင်အားကစားပြိုင်ပွဲကို ယမန်နေ့ ညနေ၄နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်က “ကျောင်းသား၊ ကျောင်းသူ များ၏ ဉာဏနှင့်စာရိတ္တစွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊  ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစား စိတ်ဓာတ်အပြည့်ဖြင့်ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့်ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိ(စီမံ)နှင့်ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်(သင်ကြား)တို့က စစ်တုရင်အား ကစားပြိုင်ပွဲ ဖွင့်လှစ်ပေးကြရာ အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ စတင်ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၈ရက်မှ ၃၀ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)