ဘားအံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စကားရည်လုပြိုင်ပွဲကျင်းပ

ဘားအံ ဇူလိုင် ၂၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံစကားရည်လုပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ ခန့်က အဆိုပါတက္ကသိုလ်၊ ပတ္တမြားနယ် မြေ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဘာသာရပ်ပေါင်းစုံစကားရည်လုပြိုင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံ တက္ကသိုလ်တွင် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် အားကစားပြိုင်ပွဲများ ကျင်းပပေး သကဲ့သို့ အရည်အချင်းပြည့်ဝပြီး အမှားအမှန်ကို ခွဲခြားဆင်ခြင် တွေးခေါ်နိုင်စွမ်းရှိသည့် ပညာတတ်များဖြစ်လာစေရန်  ရည်ရွယ်၍ စကားရည်လုပြိုင်ပွဲများ ကျင်းပ ပေးသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုကျင်းပသည့် စကားရည် လုပွဲတွင် ဘာသာစကားကျွမ်းကျင်ပိုင်နှိုင်မှု၊ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မှု၊ အချိတ် အဆက်မိမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို အသိပညာနှင့် ယှဉ်ပြီး ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ တက္ကသိုလ်၊ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံ တော်ကြီး ထာဝရ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရေးအတွက် မြင့်မားသည့်အသိဉာဏ်ပညာစွမ်းပကား၊ နိုင်ငံနှင့်လူမျိုး ကိုချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာ တရားကို တန်ဖိုးထားသည့်စိတ်၊ တီထွင်ဖန်တီးထိုးထွင်းဆောင်ရွက်လိုသည့် စိတ်များဖြင့် ကြိုးစား ဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက စကားရည်လုပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာထိပ်တင်ဟန်(သင်တန်းရေးရာ)က စကားရည်လုပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြန်မာစာဘာသာရပ်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် သတ္တဗေဒ ဘာသာရပ်ကိုယ် စားပြုကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့က လောကတွင်ငွေသည် အရေးကြီးဆုံး ခေါင်းစဉ်ဖြင့် အဆိုနှင့်အချေကိုလည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် ဥပဒေပညာဘာသာရပ်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့က Internet သုံးတာကောင်းတယ်ခေါင်းစဉ်ဖြင့် အဆိုနှင့်အချေကိုလည်းကောင်း စကားရည်လု ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စကားရည်လု ယှဉ်ပြိုင်ကြသည့် အဖွဲ့နှစ်ဖွဲ့အား တစ်ဖွဲ့လျှင်ငွေကျပ်နှစ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား အမှတ် တရလက်ဆောင်များပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စကားရည်လုပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော သတ္တဗေဒဘာသာရပ်ကိုယ်စားပြု အဆိုရှင်များကိုလည်းကောင်း၊ တတိယဆုရ အင်္ဂလိပ်စာဘာသာရပ်ကိုယ်စားပြု အဆိုရှင်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ဥပဒေပညာ ဘာသာရပ်ကိုယ်စားပြု အချေရှင်များကိုလည်းကောင်း၊ ပထမဆုရရှိသော မြန်မာစာဘာသာရပ် ကိုယ်စားပြုအချေရှင် များကိုလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကားရည်လုပြိုင်ပွဲသို့ တက်ရောက်အားပေးသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)