မုံရွာ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး၊ သီးနှံများပန်းတိုင်အထွက် နှုန်း ရရှိရေး၊ လှပ်မြေမကျန် စိုက်ပျိုးရေးနှင့် သီးထပ်စွမ်းအားတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ Zoom Meeting ဖြင့် တက်ရောက် အမှာစကားပြော ကြားသည်။
ရှေးဦးစွာ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက“ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးသည့်သီးနှံများပန်းတိုင်အထွက်နှုန်း ပြည့်မီရေး သီးနှံအလိုက် လိုက်နာဆောင်ရွက်ရမည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားတိုးမြှင့်ရေးအတွက် စိုက်ပျိုးမြေအားလုံး သီးထပ် စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် သီးနှံအလိုက် ဈေးကွက်သတင်းများ ကောက်ယူ၍ ဈေးကွက်ချိတ်ဆက် ပေးရန်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ဆီထွက်သီးနှံဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း၊ ချည်မျှင် ရှည်ဝါတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့်ဌာနမှ ချမှတ်ထားသည့် ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးနေသည့် သီးနှံများ ပန်းတိုင် အထွက်နှုန်း ရရှိရေး၊ ခရိုင်၊ မြို့နယ်များအတွင်း တည်ရှိသည့် လှပ်မြေများအား သီးနှံအပြည့် အဝ စိုက်ပျိုးနိုင်ရေး၊ မိုးစပါးတစ်သီးစိုက် ဧရိယာနှင့် လယ်မြေတစ်သီးစိုက် ဧရိယာများအပေါ် သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးစား ဆောင်ရွက်သွားကြရန်၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါး၊ နွေစပါးနှင့် စပါးမျိုးစေ့ထုတ် ဧကများအား နိုင်ငံတော်မှ ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဝေမည့် အစီအစဉ်နှင့် အဆိုပါ ဖြန့်ဖြူးမည့် ဓါတ်မြေဩဇာများအား အမှန်တစ်ကယ် အသုံးပြုသူ တောင်သူများထံသို့ ကုန်ကျ စရိတ် အနည်းဆုံးဖြင့် လက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ IRPR ဌာနစိတ် တာဝန်ခံနှင့် စီမံကိန်းတာဝန်ခံတို့မှ ဌာနစိတ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်များမှ မိမိဒေသအလိုက် စိုက်ပျိုး စွမ်းအားမြှင့်တင်နိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူးမှ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)