ပေါင်းတည် မျိုးသန့်ခြံ၌ ကောက်စိုက်စက်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပေါင်းတည် ဇူလိုင် ၂၉  

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက်ကောက်စိုက်စက်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပေါင်းတည် ​မျိုးသန့်ခြံတွင် ကျင်းပပြုလုပ်သည်။   

သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူအဖွဲ့ဝင် (၂)ဦးအေးကျော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူ ဦးမြင့်သူနှင့် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုကြသည်။ အဆိုပါသရုပ်ပြပွဲသည် ​ဒေသအတွက် စပါးမျိုးအသစ်ဖြစ်သော ထွန်းပု မိုးစပါး(RS)ကို မျိုးသန့် မျိုးပွား မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရန် လျာထား ထားသော၁၀ဧကအနက် ၁ ဧက စိုက်ပျိုးမြေ၌ စိုက်ပျိုးနေမှုကို ဖိတ်ကြားထားသော တောင်သူများ၊ မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများနှင့် ဝန်ထမ်းများအား ကောက်စိုက်စက်ဖြင့် သရုပ်ပြ စိုက်ပျိုးပြသခြင်းဖြစ်ကြောင်း သိရသည်။

ထိုသရုပ်ပြပွဲသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တကွ တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းနှင့် မျိုးသန့်ခြံ တာဝန်ခံအရာရှိ ဒေါ်ဌေးတင်တို့က (RS)မျိုးစေ့များကို ဇူလိုင်လ ၁၄ရက်မှစ၍ ပျိုးထောင်ကာ ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည်အထိ လုပ်ငန်းစဉ်များနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏ကောင်းမွန်သော အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ထိုသရုပ်ပြပွဲသို့ စုစုပေါင်းအင်အား ၇၀ ဦးခန့် တက်ရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)