မုံရွာ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃-ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် လျာထားသည့်သစ်ပင်များ စိုက်ပျိုးပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ ပိတောက်ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များတွင် သစ်တောသစ်ပင်များ နည်းပါးလာခြင်းမှာလည်းအကြောင်း အရင်း တစ်ရပ်ဖြစ်သဖြင့် နေရာဒေသအသီးသီးတွင် သစ်ပင်များစိုက်ပျိုးသွားကြရန် လိုအပ်လာပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျာထားချက်ပြည့်မီရေး ကြိုးစားဆောင်ရွက်သည့်အပြင် စိုက်ပျိုးပြီးစီးသည့် သစ်ပင်များဆက်လက် ရှင်သန်အောင်မြင်ရေးအတွက် မိုးပြတ်ကာလများတွင် ရေလောင်းပြုစုခြင်း၊ ပေါင်းရှင်းခါးဆွခြင်း၊ မြေဩဇာကျွေးခြင်း၊ တိရစ္ဆာန်ဘေးအန္တရာယ်မှ ကာကွယ်ခြင်း၊ တောမီးကာကွယ်ခြင်း လုပ်ငန်းများကိုလည်း သစ်ပင်စိုက်ပျိုးပြုစုသည့် နည်း စနစ်များအတိုင်း သတ်မှတ်ကာလများတွင် ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သစ်တောသစ်ပင်များစိုက်ပျိုးထိန်းသိမ်းရသည့် ဌာနများအနေဖြင့်လည်း စိုက်ပျိုးမည့်အခြေအနေနှင့် ပံ့ပိုးရန်လိုအပ်မှုများအား ဆွေးနွေးတင်ပြသွားကြရန်မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ၂၀၂၃-ခုနှစ်၊ မိုးရာသီစိုက် ပျိုးရန် လျာထားသည့်သစ်ပင်များ စိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက် လာသူ များက ၂၀၂၃-ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် လျာထားသည့်သစ်ပင်များ စိုက်ပျိုးပြီးစီးရေးနှင့် စိုက်ပျိုး ပြီးအပင်များရှင်သန်ကြီးထွားရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။