ဟင်္သာတ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ဟင်္သာတမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသော ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင် တို့တွင် တရားမဝင်ဆေးဝါးများ၊ အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးများ ဖြန်ဖြူးရောင်းချ ခြင်း ရှိ/ မရှိကို ယမန်နေ့နံနက် ၁၀နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ယာယီတာဝန်ခံ ဒုဦးစီးမှူး ဒေါ်နန့်ရွှေဝတ်မှုံနှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲအုပ်ထွန်းမင်း၊ ရဲအုပ်အောင်ကိုကိုတို့ ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ကျောင်းလမ်းရှိ “စူပါဝမ်း” ဆေးဆိုင်နှင့် မြို့ပေါ် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်(၇)ဆိုင်တို့တွင် တရားမဝင်ဆေးဝါးများ၊ အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများအား ဖြန်ဖြူး ရောင်းချခြင်း ရှိ/ မရှိနှင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ တို့အား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)