မုံရွာ ဇူလိုင် ၂၈
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၇) ဘက်စုံခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသီတာကြူနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ညွန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် မုံရွာခရိုင်ရုံးတို့မှ အရာထမ်းအမှုထမ်းများ၊ ဦးဆောင်ဆွေးနွေးသူ လူငယ်မောင်မယ်များ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်ကယနေ့အချိန်မှာ နိုင်ငံတော်အစိုးရက လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလေး ထား ဆောင်ရွက်တဲ့ အနေနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုသီးသန့် ဖွဲ့စည်းထား ပါကြောင်း၊ ဒီဝန်ကြီးဌာနရဲ့ အောက်မှာပဲ လူငယ်ရေးရာဦးစီးဌာနကိုလည်း သီးခြားဖွဲ့စည်း ထားပြီးတော့ လူငယ်ရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ထားပါ ကြောင်း၊ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေထဲမှာ လူငယ်တွေဟာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးလာစေဖို့လည်း ထည့်သွင်းဖော်ပြထားပါကြောင်း၊ လူငယ်ကဏ္ဍ (၁၆)ခုမှာလည်း ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားဘေး ဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျား၊မ ညီမျှမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုပြီး ဖော်ပြထားတာ တွေ့ရပါကြောင်း၊ ဩဂုတ်လ(၁၂)ရက်နေ့ကိုလည်း နိုင်ငံတကာ လူငယ်များနေ့ အဖြစ် သတ်မှတ်ပြီး လူငယ်ရေးရာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပလေ့ရှိတာ တွေ့ရှိရမှာဖြစ်ပါကြောင်း၊ လူငယ်ဘဝက သင်ယူသင့် သင်ယူထိုက်တာ တွေကိုသင်ယူခဲ့ကြမှသာ အရည်အချင်းရှိတဲ့ ဦးဆောင်သူတွေ ဖြစ်လာကြမှာဖြစ်ကြောင်း၊ အရည်အချင်းရှိသူ ဖြစ်မှသာ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိလူ့အဖွဲ့ အစည်းရဲ့အကျိုးကို သယ်ပိုးနိုင်သူတွေ ဖြစ်လာနိုင်မှာ ဖြစ်ပါ ကြောင်း အမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး မုံရွာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက မိတ်ဆက် စကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက် ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာ ကျောင်းသား/ ကျောင်းသူလူငယ် လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားရရှိ နိုင်စေရန် အသိပညာများမျှဝေပေးနိုင်စေရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်၊ ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အထကောင်းများရရှိ နိုင်စေရန်စသည့်ရည် ရွယ်ချက်များဖြင့် ကျင်းပပြု လုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းအား မုံရွာတက္ကသိုလ်မှ မြန်မာစာဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ ရီရီချိုနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးတို့ နှင့်အတူ ဦးဆောင် ဆွေးနွေးသူ မောင်သန့်ဇင်ထွန်း ဒုတိယနှစ် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု က “ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း”၊ မမိုးပြည့်စုံဦး (စတုတ္ထနှစ်)စာရင်းအင်းပညာအထူးပြု က “လူငယ်နှင့်စာပေ၊ မဆုပြည့်တိုး၊ (ဒုတိယနှစ်) ဘောဂဗေဒအထူးပြု က “ လူငယ်နှင့်စာရိတ္တ”၊ မဝင့်ရတနာသန့်(ဒုတိယနှစ်) စာရင်းကိုင်အထူးပြု က “ လူငယ်နှင့်ရည်မှန်းချက်”၊ မဂျူးမြတ်သွယ် (ဒုတိယနှစ်) ဝါဏိဇ္ဇဗေဒ အထူးပြု က” လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းမှုများ ကိုတာဝန်ရှိသူများနှင့်အတူ ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာစီးပွားရေးတက္ကသိုလ်အတွက်ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မုံရွာ စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူထံသို့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်။
ယင်းနောက် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲ နှင့် အသိပညာပေးနံရံကပ်ပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လူငယ် စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)