ပဲခူး ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးဒေသသည် စီးပွားရေးအရမဟာဗျူဟာကျပြီး တည်ငြိမ်အေးချမ်းမှုများကြောင့် ဇူလိုင်လတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂.၈၁၂)သန်း တိုးတက်ဝင်ရောက်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကိုအခြေခံပြီး သွင်းကုန်အစားထိုးထုတ်လုပ်ခြင်းနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် မြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုအပ်ပြီး လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဥပဒေနှင့်အညီသက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်မှု/လက်မှုလုပ်ငန်းများ၏ အခြေခံအရင်းအမြစ်ဖြစ်သည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်လုပ်ကိုင်နိုင်ရေး တိုင်းဒေသကြီးအတွင်းရှိ ခိုင်မာသည့် သဘာဝအရင်းအမြစ်များနှင့် အခွင့်အလမ်းကောင်းများရှိသည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် သားငါးမွေးမြူထုတ်လုပ်မှု အားကောင်းသော တိုင်းဒေသကြီးတစ်ခုလည်းဖြစ်၍ သား/ငါးကဏ္ဍတွင် တန်ဖိုးမြှင့်ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရန် အအေးခန်းစက်ရုံများတည်ဆောက်နိုင်ရေး မွေးမြူရေးဇုံများတွင် ကြိုတင်ထည့်သွင်းလျာထားရန် လိုအပ်ကြောင်းနှင့် တက်ရောက်လာသည့် ကော်မတီဝင်များအားလုံး တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စိတ်ပါဝင်စားစွာ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဝိုင်းဝန်းကြိုးစား အကြံပြုတင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လုပ်ကိုင်ခြင်း၊ ကုန်ပစ္စည်းအမယ်သစ်များ တိုးတက်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ ထပ်မံရင်းနှီးမြှုပ်နှံခြင်း၊ လုပ်သားအင်အား တိုးချဲ့ခန့်ထားခြင်းနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းများဆိုင်ရာ လုပ်ငန်းအမှုတွဲများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုပေါ် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၇၉.၀၉၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၇၅၂၃၅.၇၇၅)သန်းဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း(၈၅၉၆)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)