တောင်ငူ ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လွဲမှားစွာပြုကျင့်ခြင်း၊ ကလေးသူငယ်များလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ မိဘအုပ်ထိန်းသူ၊ ဆရာ၊ ဆရာမများ၏ တာဝန်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည်တို့ကို ဟောပြောဆွေးနွေးကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်က သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လိုက်နာရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ် အကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်ဘေး၊ မြေပြိုခြင်း စသည့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)